ကျူးကျော်အချို့နေပြည်တော်ကို သွားရောက်ဆန္ဒပြ

  • 7 years ago
နေပြည်တော်မှာရှိတဲ့ ရွှေနံသာ ဘောလုံးကွင်းထဲမှာ ဒီကနေ့ ဇွန်လ ၂၆ ရက်က ဆန္ဒထုတ်ဖော်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်က ကျူးကျော်တဲတွေ ဖယ်ရှားတဲ့နေရာမှာ ဖယ်ရှားခံခဲ့ရတယ်ဆိုတဲ့ လူဦးရေ လေးဆယ်ဝန်းကျင်လောက်က နေစရာ မြေမရှိတာကြောင့် အစားထိုးမြေနေရာ ချထားပေးဖို့အတွက် လှည်းကူးမြို့ကနေ နေပြည်တော်ကို လာရောက်ပြီး ဆန္ဒထုတ်ဖော် တာလို့သိရပါတယ်။

သူတို့ဝင်ရောက်နေထိုင်ခဲ့တဲ့ မြေနေရာဟာ ဒေသခံကျေးရွာကလူတွေရဲ့ ပြောဆိုချက်အရ စားကျက်မြေလို့ သိရတာမို့ ၀င်ရောက် ကျူးကျော်နေထိုင်ခဲ့တာဖြစ်တယ်လို့ နေပြည်တော်ကို လာရောက်ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။ ကံကော်ကျွန်း ကျေးရွာမှာ ကျူးကျော်တဲ အလုံးပေါင်း ၅၀၃ လုံး တည်ဆောက်ခဲ့ကြတာဖြစ်ပြီး အခုအခါမှာတော့ ကျူးကျော်တဲ အားလုံးကို ဖယ်ရှားထားပြီးပြီလို့ ဆိုပါတယ်။ အဲဒီနေရာကို ခေါင်ဆောင် ၁၁ ဦးက ဦးဆောင်ပြီး တောတွေကို ရှင်းလင်းကာ လာရောက် ကျူးကျော်သူတွေကို မြေကွက်ပြန်လည်ချထားပေးတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမောင်နိုင်က ပြောပါတယ်။

အဲဒီ ကံကော်ကျွန်းကျေးရွာက ကျူးကျော်တဲတွေကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီး ကျူးကျော်နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်အတွင်း အမြန်လမ်းမကြီးဘေး မိုင်တိုင် အမှတ် (၃) အနီးက ကျူးကျော်တွေကို ဇွန်လအတွင်းက စတင်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။


ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Recommended