လမ်းဖောက်ဖို့နဲ့ လျှပ်စစ်မီးရဖို့ ရန်ကုန်တိုင်းအစိုးရ ငွေကျပ် ၄၇ ဘီလီယံ ကျော်ထပ်သုံးမယ်

  • 7 years ago
အခုဘဏ္ဍာနှစ်အတွင်းမှာ ရန်ုကုန်တိုင်းဒေသကြီး အတွက် တိုင်းအစိုးရက ငွေကျပ် ၄၇ ဘီလီယံ ကျော်ကို ထပ်တိုးသုံးစွဲဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၅ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်မှာ အခုဘဏ္ဍာနှစ် ၂၀၁၇ - ၁၈ မှာ ငွေကျပ် ၄၇ ဘီလီယံကျော်ထပ်တိုး သုံးစွဲဖို့ ဖြည့်စွက်ခွင့်ပြုငွေ လျာထားချက်ကို တိုင်းဒေသကြီး အစိုးရက တင်ပြထားတဲ့အပေါ် လွှတ်တော်က အတည်ပြုပေးလိုက်တာပါ။

အဲဒီ့လို ထပ်တိုးသုံးစွဲဖို့ လျာထားငွေက အဓိကအနေနဲ့ လမ်းတွေဖောက်လုပ်ဖို့နဲ့ လျှပ်စစ်မီးရရှိဖို့ လျာထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း အစိုးရ အနေနဲ့ မူလက ခွင့်ပြုထားတဲ့ ငွေကျပ် ၄၂၄ ဘီလီယံ အပြင် အခုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ၄၇ ဘီလီယံ ကျော်အပါအဝင် စုစုပေါင်း ကျပ် ၄၇၁ ဘီလီယံကျော် ကို အခုဘဏ္ဍာနှစ်မှာ သုံးစွဲမှာဖြစ်ပါတယ်။

ထပ်တိုးသုံးစွဲမယ့် ငွေစာရင်းလျာထားချက်ကိုတော့ ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက စက်တင် ဘာလ ၁ ရက်က ရန်ကုန်တိုင်း လွှတ်တော်ကို ရှင်းလင်းတင်ပြထားပါတယ်။ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာတော့ အဲဒီငွေစာရင်း လျာထားချက်နဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အကြံပြုဆွေးနွေးတာကိုပြုလုပ်ခဲ့ပါတယ်။

လွှတ်တော်က အတည်ပြုလိုက်တဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းလျာထားချက်ကို ပြည်ထောင်စုအစိုးကို ဆက်လက် တင်ပြရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended