• 7 years ago
နယ်မြေ မငြိမ်သက်မှု အခြေအနေတွေ ကြုံခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ဆောင်ရွက်ရေး အကူအညီ ပေးသွားမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက စက်တင်ဘာ ၆ ရက်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့မှု အပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက အခုလို ထုတ်ပြန် ကြေညာခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်ရေး မြန်မာအစိုးရကို အကူအညီ ပေးဖို့ဟာ အိန္ဒိယရဲ့ အလေးအနက် ကမ်းလှမ်းမှုတစ်ခု ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံမှာ မြန်မာနိုင်ငံရောက် အိန္ဒိယ အသိုက်အဝန်းနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် မိုဒီက အိန္ဒိယကို အလည်အပတ် သွားရောက်ချင်တဲ့ မြန်မာနိုင်ငံသား အားလုံးကို ဗီဇာကြေး ကင်းလွတ်ခွင့် စီစဉ်ပေးမယ်လို့ ကြေညာသွားခဲ့ပါတယ်။

မိုဒီဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ်ခရီးစဉ် ရောက်ရှိနေပြီး လုံခြုံရေးနဲ့ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေး ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့လည်း ဆွေးနွေး သဘောတူခဲ့ပါတယ်။

Category

🗞
News

Recommended