• 7 years ago
မေ-၂၁၊ ၂၀၁၈
ကမ္ဘာ့ဖလားကို ကြိုဆိုတဲ့ လှုပ်ရှားမှု တစ်ခုအနေနဲ့ ရုရှားနိုင်ငံမှာ ရွှံ့ပြင် ဘောလုံးကစားနည်း တွင်ကျယ် ခေတ်စားလာပါတယ်။

စိန့်ပီတာစဘာ့ဂ်မြို့ခံ လူငယ်တွေက ဘောလုံးပြိုင်ပွဲ မူကွဲတွေထဲမှာ အခက်ခဲဆုံးလို့ ဆိုရမယ့် ဒီနည်းလမ်းကို တကျော့ပြန် ဆန်းသစ်လာတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ၂၀၁၈ ကမ္ဘာ့ဖလားကို လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံဖြစ်ပြီး ဇွန်လလယ်မှာ ပွဲစဉ်တွေ အစပြုတော့မှာပါ။

ရွှံ့ပြင် ဘောလုံးကစားနည်းဟာ ဒူးဆစ်လောက်ထိ နက်ရှိုင်းတဲ့ ရွှံ့နွံတွေထဲမှာ အသင်းလိုက် လှုပ်ရှား ကစားရတာ ဖြစ်ပါတယ်။ ဒီကစားနည်းကို ဖင်လန်နိုင်ငံမှာ စတင် တီထွင်ခဲ့ပြီး သမားရိုးကျ ဘောလုံး အားကစားနဲ့ ကွာဟချက် အရမ်းကြီးတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဘောလုံးကို တစ်ဖက်ဂိုးရှေ့ ရောက်အောင် သယ်သွားဖို့တောင် အတော် ခက်ခက်ခဲခဲ ရုန်းကန်ရတတ်ပါတယ်။

ရွှံ့ပြင် ဘောလုံးကစားနည်းဟာ အားကစားသမားတွေရဲ့ သက်လုံနဲ့ ခွန်အားကို ဆန်းစစ်တဲ့ စိန်ခေါ်မှု တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့အနှံ့မှာ ရွှံ့ပြင် ဘောလုံးပြိုင်ပွဲ တချို့ ကျင်းပမှုတွေ ရှိခဲ့ပေမယ့် လူသိများ ကျယ်ပြန့်တဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူးလို့လည်း သိရပါတယ်။

Category

🗞
News

Recommended