လမ်းဘေးနံရံပေါ်က လူငယ်တို့ရဲ့ အနုပညာ

  • 5 years ago
လမ်းဘေးနံရံပေါ်က လူငယ်တို့ရဲ့ အနုပညာ
-------------------------
မုံရွာမြို့က လမ်းဘေးနံရံတချို့မှာ လူငယ်လေးတွေ စိတ်ကူးထဲက အကြောင်းအရာတွေကို ပုံဖော်ချပြထားပါတယ်။ အဲ့တာတွေကတော့ လမ်းဘေးအနုပညာလို့ တင်စားထားတဲ့ လမ်းဘေး နံရံပေါ်က လူငယ်တွေရဲ့ အနုပညာလက်ရာ ဂရပ်ဖစ်တီပုံတွေပါ။

နယ်မြို့လေးဖြစ်တဲ့ အတွက် အခုနောက်ပိုင်းမှသာ လူငယ်တွေကြားမှာ ဂရပ်ဖစ်တီပုံဆွဲခြင်း အနုပညာဟာ ပိုမိုရေပန်းစားလာခဲ့တာဖြစ်ပြီး လူကြီးတွေအနေနဲ့တော့ သိပ်လက်မခံသေးပါဘူး။

မုံရွာမြို့မှာ ဂရပ်ဖစ်တီရေးဆွဲနေတဲ့ လူငယ် ၈ ဦးလောက်ရှိပြီး အသက် ၂၃ နှစ်ကနေ ၁၇ နှစ်ထိ ပါဝင်ပါတယ်။ အဲ့တာတွေအပြင် ပုံဆွဲဖို့ နေရာအခက်အခဲ၊ လေ့လာသင်မှုအခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေ ရှိနေပါတယ်။

နံရံပေါ်မှာ ဂရပ်ဖစ်တီပုံတစ်ပုံရေးဆွဲနိုင်ဖို့ ကုန်ကျငွေ အနည်းဆုံး ၃သောင်းကနေ တစ်သိန်းဝန်ကျင်အထိရှိပြီး ရေးဆွဲတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့မုန့်ဖိုး၊ လုပ်အားခတွေထဲက ပိုတဲ့အမြတ်အစွန်းတွေနဲ့ အကုန်ကျခံရေးဆွဲကြတာပါ။

အခုလက်ရှိ ကန်သာယာအနီးက လမ်းတစ်ခုမှာ ပုံပေါင်း ၃၀ နီးပါးလောက်ရေးဆွဲထားပြီး အဲ့ဒီပုံတွေကို စိတ်ဝင်တစားနဲ့ လာရောက်ကြည့်ရှုတွေ များလာပါတယ်။ အဲ့ဒီပုံတွေထဲက ပုံတချို့ကတော့ ရန်ကုန်၊မန်လေး၊မုံရွာက ဂရပ်ဖစ်တီလူငယ်အနုပညာရှင်တွေ စုပေါင်းရေးဆွဲထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။

မိမိပုံဖော်ချပြထားတဲ့ အနုပညာတွေကို လူအများမြင်စေချင်တဲ့အတွက် ပုံဆွဲတဲ့ လူငယ်တွေအနေနဲ့ မြို့ထဲက နံရံတချို့မှာ ပုံဆွဲခွင့်ရခြင်ပြီး ဂရပ်ဖစ်တီအနုပညာကို လူအများ လက်ခံလာဖို့ မျှော်လင့်နေကြပါတယ်။

ရိုက်ကူး/တင်ဆက် - ဘုန်းနိုင်ဖြိုး၊မဇ္ဈိမ

Recommended