ကရင်အာဇာနည်နေ့အခမ်းအနား ကော့ကရိတ်မှာ ကျင်းပ သြဂုတ်-၁၂၊ ၂၀၁၈ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်

  • 6 years ago
ကရင်အာဇာနည်နေ့အခမ်းအနား ကော့ကရိတ်မှာ ကျင်းပ

သြဂုတ်-၁၂၊ ၂၀၁၈

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ၆၈ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။
ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီး ကျဆုံးခဲ့တဲ့ ၁၉၅၀ ခုနှစ် သြဂုတ် ၁၂ ရက်နေ့ကို အစွဲပြုပြီး အဆိုပါနေ့ရက်ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းက KNU KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ဗဟိုဌာနချုပ်ဖြစ်တဲ့ ထို့ကော်ကိုးရွာမှာ စစ်ရေးပြအခမ်းအနားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကရင်လူထုနဲ့တွေ့ဆုံညှိနှိုင်းပြီး ထို့ကော်ကိုးကျေးရွာမှာကရင်အမျိုးသားခေါင်းဆောင် အာဇာနည်ဗိမ္ဗာန်တစ်ခုကိုလည်း တည်ဆောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

KNU KNLA ကရင်ငြိမ်းချမ်းရေးကောင်စီဟာ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင့်လက်နက်ကိုင်သုံးဖွဲ့အနက် တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်။

စောဘဦးကြီးနဲ့အဖွဲ့ဟာ ၁၉၅၀ ခုနှစ် သြဂုတ် ၁၂ ရက်နေ့မှာ ဖဆပလအစိုးရတပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ထို့ကော်ကိုးရွာမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

ဖာပွန်မှာကျင်းပမယ့် ကရင့်အာဇာနည်နေ့အခမ်းအနားမှာလည်း စစ်ရေးပြအစီအစဉ်ကို ကေအန်ယူက ထည့်သွင်းပြုလုပ်တာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်အပစ်အခတ်ရပ်စဲစောင့်ကြည့်ရေးကော်မတီ JMC ကို ကန့်ကွက်တင်ပြခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Recommended