ဆွာမှာ ရေဘေးသင့်သူ ငါးသောင်းကျော်ရှိနေ သြဂုတ်-၂၉၊၂၀၁၈ဆွာရေလှောင်တမံရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ကြုံတွေ့နေသည့် ရေဘေးမှာ ရေတာရှည်နဲ့ ဆွာမြို့နယ်ရထဲက ကျေးရွာ

  • 6 years ago
ဆွာမှာ ရေဘေးသင့်သူ ငါးသောင်းကျော်ရှိနေ

သြဂုတ်-၂၉၊၂၀၁၈

ဆွာရေလှောင်တမံရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ကြုံတွေ့နေသည့် ရေဘေးမှာ ရေတာရှည်နဲ့ ဆွာမြို့နယ်ရထဲက ကျေးရွာ ၁၄ရွာမှ လူဦးရေ ငါးသောင်းကျော်ဟာ ဘေးလွတ်ရာကို ရျွေ့ပြောင်းနေရတယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့မနက် လေးနာရီကျော်လောက်ကတည်းက စပြီး ရေပိုလွှဲကျိုးကျခဲ့တာကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ ရုတ်တရက် ရေလွှမ်းမိုးခံခဲ့ရတာပါ ။

ရေတာရှည်မြို့နယ်ဘက်က ကျေးရွာတွေကနေ ထွက်ပြေးတိမ်ရှောင်သူတွေက ညနေပိုင်းမှာ ပိုမိုများလာတယ်လို့ သိရပါတယ်။

မနက်ခင်းက ရေရုတ်တရက်တက်လာတာကြောင့် ပိတ်မိနေပြီး ရေအနည်းငယ်ကျသွားတဲ့အခါ ကျေးရွာတွေကနေထွက်လာပြီး ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

ကျေးရွာအုပ်ချူပ်ရေးမှုးတွေက ရေဆက်လက်တက်လာမယ့်အခြေအနေရှိတာကြောင့် ကျေးရွာတွေက ထွက်ခွာဖို့ လိုက်လံကြေငြာနေတယ်လို့ ညနေပိုင်းမှ ထွက်ပြေးတိမ်ရှောင်လာသူတွေက ပြောပါတယ်။

ရေတာရှည် မြို့သစ်မြို့နယ် မြို့မဘုန်ကြီးကျောင်းမှာ ရေဘေးရှောင်နေသူ တစ်ထောင်ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ရေတာရှည်မြို့နယ်ဘုန်ကြီကျောင်း လေးကျောင်းမှာ ရေဘေးရှောင်သူ နှစ်ထောင်ဝန်းကျင်အထိ တိုးလာတယ်လို့ သိရပါတယ်။

အခုချိန်မှာ တစ်ရွာနဲ့တစ်ရွာ သွားလာဖို့ ခက်ခဲနေတဲ့အပြင် ရန်ကုန် မန္တလေး လမ်းဟောင်းကတော့ ကားလမ်းရေကျော်နေတဲ့အတွက် လုံးဝသွားလာလို့ မရသေးပါဘူး။

ရန်ကုန်မန္တလေး ရထားလမ်းပိုင်းကိုလည်း ပိတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။

အစုန်ရထားလမ်းက ပျက်စီးမှုနည်းပေးမယ့် သွားလာလို့ ရမရကိုတော့ သေချာစစ်ဆေးရမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆန်ရထားလမ်းပိုင်းက ပျက်စီးမှုများတာကြောင့် အနည်းဆုံးသုံးလေးရက်ပြင်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းကိုလည်း လတ်တလောမှာ ကားလေးတွေပဲ ဖြတ်သန်းခွင့် ပြုထားပြီး ခရီးသည်တင်ကားကြီးတွေ သွားမရသေးတာကြောင့် ခရီးသည်တင်ကားလိုင်းတွေက ဒီနေ့မှာ ယာဉ်ပြေးဆွဲမှုတွေ ရပ်ထားတယ်လို့ သိရပါတယ်။

ဒီကနေ့ နံနက်ပိုင်းက ဆွာတမံ ရေပိုလွှဲကျိုးကျတာကြောင့် ရေတာရှည်မြို့နယ်နဲ့ဆွာမြို့နယ်မှာ ရေကြီးမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မနေ့က သြဂုတ်လ ၂၈ ရက် ရက်စွဲနဲ့ ထုတ်တဲ့ နိုင်ငံပိုင်သတင်းစာမှာ ဆွာတမံရဲ့ အခြေအနေဟာ စိတ်ချရတယ်လို့ ပြောခဲ့ပေမယ့် မနက်အစောပိုင်းမှာပဲ တမံရဲ့ ရေပိုလွှဲကျိုးကျပြီး ကျေးရွာတွေ ရေလွှမ်းမိုးခံခဲ့ရတာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-မောင်သင်တုန်း

Recommended